အတွင်းခံဝတ်တဲ့ အမျိုးသမီးတိုင်း လိုက်နာရမယ့် စည်းမျဉ်းများ
အတွင်းခံကို နည်းစနစ်မှန်မှန် ဝတ်ဆင်မိရဲ့လားလို့ တွေးမိတဲ့ အခိုက်အတန့်လေးများ ရှိလား? အတွင်းခံက အမျိုးသမီးတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ မရှိမဖြစ် လိုအပ်တဲ့ အရာပါ။
ဒီလို မရှိမဖြစ် လိုအပ်တဲ့အရာကို နည်းစနစ် မှန်မှန် ဝတ်ဆင်မိမှပဲ ကျန်းမာရေးကို မထိခိုက်မှာပေါ့။ ဒီတော့ အမျိုးသမီးတိုင်း လိုက်နာရမယ့် အတွင်းခံစည်းမျဉ်းလေးတွေကို ကိုယ်တိုင် လိုက်နာနေမိရဲ့လားဆိုတာကို စာလေးကို ဆုံးအောင် ဖတ်လို့ ဆန်းစစ်ကြည့်လိုက်ဦးတော့နော်။
ချည်သား စစ်စစ် ဖြစ်ပါစေ - အတွင်းခံက ချည်သားစစ်စစ် ဖြစ်ဖို့ လိုတယ်ဆိုတာကိုတော့ အမျိုးသမီးလေးတိုင်း လိုလို သိထားပြီး ဖြစ်မှာပါ။ ချည်သား အတွင်းခံတွေက လေဝင်လေထွက် ကောင်းစေပြီး နူးညံ့တဲ့ အင်္ဂါအစိတ်အပိုင်းလေး ဖြစ်တဲ့ မိန်းမကိုယ်ကို ထိခိုက်မှု ကင်းစေမှာပါ။ ချွေးတွေကြောင့် မှိုပိုးဝင်တာ အရေပြား ထိခိုက်တာမျိုးတွေကိုလည်း ကင်းဝေးစေမှာပါ။
အတွင်းခံကို နေ့တိုင်း လဲလှယ်ပါ - အတွင်းခံကို အနည်းဆုံး တစ်နေ့တစ်ခေါက် ပုံမှန်လေး လဲလှယ်ပေးပါ။ ဒီထက်ပိုပြီး လဲပေးချင်လည်း ရပါတယ်။ အတွင်းခံကို ပုံမှန် လဲလှယ်ပေးတာက အနံ့ဆိုး ကင်းစင်စေနိုင်သလို မိန်းမကိုယ် ပိုးဝင်တာ၊ မှိုစွဲတာမျိုးတွေ မဖြစ်အောင် ကာကွယ်ရာရောက်ပါတယ်။
ညအိပ်တဲ့အခါ အတွင်းခံ ချွတ်အိပ်ပါ - ညဘက်အိပ်တဲ့အခါ အတွင်းခံ ဝတ်အိပ်တာမျိုး မလုပ်ဘဲ လေဝင်လေထွက်ကောင်းစေဖို့အတွက် အတွင်းခံချွတ်အိပ်ပေးပါ။ ဒီလို လုပ်ပေးတာက မိန်းမကိုယ်ကို ကျန်းမာစေပြီး မှိုပိုးဝင်ကူးစက်မှု ကင်းစေမှာပါ။ မိန်းမကိုယ်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားတာမျိုး မဖြစ်အောင်လည်း ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှာပါ။
တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာမျိုး မလုပ်ပါနဲ့ - အတွင်းခံကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာက ကိုယ်လုံးထင်းစေပြီး ကြည့်ရတာ လှတယ်ဆိုပေမယ့် မိန်းမကိုယ် ကျန်းမာရေးကို ထိခိုက်စေတာတော့ အမှန်ပါ။ ဒါကြောင့် အတွင်းခံကို တင်းတင်းကျပ်ကျပ် ဝတ်ဆင်တာမျိုး မလုပ်ပါနဲ့။
အတွင်းခံကို ဆပ်ပြာ အပြင်းစားတွေနဲ့ မလျှော်ပါနဲ့ - အတွင်းခံတွေကို ဆပ်ပြာအပြင်းစားတွေ သုံးပြီးလျှော်တာ အမွှေးရည်တွေ သုံးပြီ လျှော်တာမျိုးတွေ မလုပ်ပါနဲ့။ ဒီလိုလျှော်တာက မိန်းမကိုယ် အရေပြားကို ထိခိုက်စေနိုင်တာကြောင့်ပါ။ အထူးသဖြင့် ရာသီလာချိန်မှာဆိုရင် မိန်းမကိုယ်က ထိခိုက်နိုင်ခြေ ပိုများနေပါတယ်။
သေချာ ခြောက်သွေ့ပါစေ - မိန်းမကိုယ်ကို မှိုစွဲတာ ပိုးဝင်တာမျိုး မဖြစ်စေဖို့ နောက်ထပ် ဂရုစိုက်ရမယ့် အချက်တစ်ခုက မိန်းမကိုယ်နဲ့ အနီးကပ်ဆုံး ထိတွေ့မယ့် အတွင်းခံက စိုးထိုင်းမှုကင်းပြီး ခြောက်သွေ့နေဖို့ လိုပါမယ်။ ဒါကြောင့် အတွင်းခံတွေကို နေရောင်နဲ့ သေချာ ခြောက်သွေ့စေလို့ မီးပူတိုက်ပြီးမှ ဝတ်ဆင်ပေးပါ။
ဖားဥတွေ တက်နေရင် လွှင့်ပစ်ပါ - အတွင်းခံမှာ အမဲစက်စက်လေးတွေ ဖြစ်နေမယ်။ အစွန်းအထင်းအကွက်တွေ ဖြစ်နေမယ်ဆိုရင် ဆက်မဝတ်သင့်တော့ပါဘူး။ ဖားဥတက်နေ၊ စွန်းထင်းနေတဲ့ အတွင်းခံတွေက အမျိုးသမီးလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အတွင်းခွက ဖားဥတက်နေပြီဆိုရင် လွှင့်ပစ်ပါ။
တစ်နှစ်တစ်ကြိမ် အသစ်လဲပါ - အတွင်းခံတွေကို မပျက်စီးမချင်း ဝတ်ဆင်သင့်တဲ့ အဝတ်အစားတွေ မဟုတ်ကြပါဘူး။ ဒါကြောင့် တစ်နှစ် တစ်ကြိမ် အသစ်လဲပေးပါ။ ဒီလို လဲလှယ်ပေးတာက မိန်းမကိုယ် ကျန်းမာရေးကို ဂရုစိုက်ရာရောက်ပါတယ်။
ကိုယ်တိုင်ရော ဘယ်အချက်လေးတွေကို လိုက်နာမိပြီး ဘယ်အချက်လေးတွေကို လိုက်နာဖို့ ပျက်ကွက်နေသလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်နော်။ လိုအပ်ချက်လေးတွေကို ထပ်တိုး လိုက်နာလို့ အတွင်းခံလေးတွေကို နည်းစနစ် မှန်ကန်စွာနဲ့ ဝတ်ဆင်လိုက်ပါ။
မွန်မွန်